၁။ ဂရမ်မာကို အလွန်အကျူးလေ့လာစရာမလို
အင်္ဂလိပ်စာကို ဒုတိယဘာသာစကား (Second Language) အနေနဲ့ လေ့လာနေကြသူတွေအတွက် ဒီလိုပြောလိုက် တာဟာ ထူးဆန်းတယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ အင်္ဂလိပ်စကားပြော သင်နေတဲ့ သူတွေအတွက် အရေးအကြီးဆုံး အချက်တစ်ချက်လို့လည်း ပြောချင်ပါတယ်။ စာမေးပွဲအောင်ချင်တဲ့သူတွေအတွက်ကတော့ Grammar ဆိုတာကို လေ့လာပေါ့။ ဒါပေမဲ့ အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောတတ်ချင်ရင်တော့ ဂရမ်မာကို အလေးအနက်ထားပြီး လေ့လာလိုက်စားတာထက်၊ စကားပြောတတ်အောင် လိုက်ပြီးလေ့ကျင့်တာဟာ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်။
ဂရမ်မာကို သွားပြီးလေ့လာလိုက်ရင် လေ့လာနေတဲ့အရှိန်က တန့်သွားပြီး စိတ်ထဲမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေနိုင်ပါတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကလူတွေတောင် ဂရမ်မာနည်းကျကျ ပြောချင်မှပြောကြတာ။ ဒါကြောင့် ဂရမ်မာအတိုင်း ပြောရမယ့်စကားကို တည်ဆောက်နေရတာကိုက အချိန်အများကြီး ကြာသွားနိုင်ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံက လူတွေတောင် ဂရမ်မာဆိုင်ရာ ဥပဒေသတွေကို ၂၀ ရာခိုင်နှုန်းလောက်ပဲသိကြတယ်။ အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်တဲ့ သူတွေဟာလည်း ဂရမ်မာနည်းထက်၊ ပြောနည်းဆိုနည်းတွေကို ပိုပြီးပိုင်နိုင်ကြတယ်လို့ ပြောရမယ်။ ဒီဝေဖန်စကားကို ပြောတဲ့သူကတော့ အင်္ဂလိပ်စကားပြောနိုင်ငံသား၊ အင်္ဂလိပ်စာအဓိကဘာသာနဲ့ ကျောင်းပြီးထားတဲ့ အင်္ဂလိပ်စာသင်ကြားမှု အတွေ့ အကြုံ ဆယ်နှစ်ခန့်ရှိသူတစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်က ကျောင်းသားတွေလောက်တောင် သူ ဂရမ်မာကို မသိဘူးလို့ ဝန်ခံထားပါတယ်။
၂။ အသုံးများတဲ့ စကားစုတွေကို လေ့လာပါ
Phrase တွေကိုပြောတာပါ။ အင်္ဂလိပ်စာကို လေ့လာသူတွေက စကားစု (phrase) တွေထက် Vocabulary လို့ခေါ်တဲ့ ဝေါဟာရအဓိပ္ပာယ်တွေကို လိုက်မှတ်နေကြတာများပါတယ်။ အဓိပ္ပာယ်တွေအများကြီး သိထားပေမယ့် ဝါကျတစ်ကြောင်းကို ဖြစ် မြောက်အောင် မစီစဉ်နိုင်ဘူးဆိုတာ သဘောပေါက်ထားသင့်ပါတယ်။ ဒါကြောင့် phrase တွေရဲ့ သုံးပုံသုံးနည်းကိုလည်း လေ့လာသင့်ပါတယ်။ ဘာသာစကားလေ့လာပြီဆိုရင် စာလုံးတွေနဲ့ အဓိပ္ပာယ်တွေကိုသာမက တွဲလုံးတွေ၊ တွဲသုံး တွေကိုပါလေ့လာသင့်ပါတယ်။
ဘာသာစကား လေ့လာသူတစ်ယောက်ဟာ အင်္ဂလိပ်ဝေါဟာရပေါင်း ၁၀၀၀ လောက်ပဲသိတယ်ဆိုတာလောက်နဲ့ အင်္ဂလိပ် စာကြောင်းတစ်ကြောင်း မှန်အောင် မတည်ဆောက်နိုင်ပါဘူး။ ဒါပေမဲ့ Phrase တစ်ခုလောက်သိထားရင် စာကြောင်းပေါင်း များစွာ တည်ဆောက်နိုင်ပါတယ်။ Phrase ၁၀၀ လောက်သိရင် ကိုယ်တိုင်ပြောဆိုနိုင်ဖို့ မှန်ကန်တဲ့ ဝါကျတွေကို တည်ဆောက်နိုင်ကြောင်း အံ့အားသင့်စရာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်စကားပြော လေ့လာနေသူတွေဟာ ဝေါဟာရ အဓိပ္ပာယ် ၁၀၀၀ ထက်၊ phrase ၁၀၀၀ လောက်ရအောင်လေ့လာလိုက်တာက ပိုပြီးတော့ ထိရောက်နိုင်ပါတယ်။ ဥပမာ four ဆိုတဲ့ စကားလုံးထက် "at half past four" ဆိုတာလေးကို သိထားတာက ပိုပြီးတော့ ထိရောက်ပါတယ်။
အင်္ဂလိပ်စကားမှာ ဝါကျတစ်ကြောင်းကို phrase တစ်ခုတည်းနဲ့ တည်ဆောက်သွားတာလည်းရှိပါတယ်။ ဒါကြောင့် အဘိဓာန်ကြီးဖွင့်ပြီး စာလုံးတွေ၊ အဓိပ္ပာယ်တွေကို လိုက်ကျက်မှတ်နေမယ့်အစား အသုံးတည့်မယ့် phrase တွေကို မှတ်သား ထားခြင်းဖြင့် စကားပြောရာမှာလည်း ပိုပြီးတော့ လွယ်ကူစေနိုင်ပါတယ်။
၃။ ဘာသာမပြန်ပါနှင့်
အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ အင်္ဂလိပ်စကားကို ကိုယ့်မိခင်ဘာသာစကားနဲ့ ဘာသာပြန်ပြီး နားလည်အောင်လုပ်ပြီးမှ ပြောဆိုတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ စကားလုံး အထားအသို နေရာအလွှဲအပြောင်းတွေ အများကြီးကွာခြားနိုင်ပါတယ်။ အင်္ဂလိပ်လိုပြောချင်သူက မြန်မာလိုတွေးပြီး ပြောနေရင် အဆင်ပြေမှာ မဟုတ်ဘူး။ အင်္ဂလိပ်လိုပြောချင်ရင် အင်္ဂလိပ်လိုတွေး နိုင်မှ အလိုအလျောက် ပါးစပ်ကလည်း အဆင်ပြေစွာ ထွက်သွားနိုင်လိမ့်မယ်။ နောက်ပြဿနာတစ်ခုက အင်္ဂလိပ်လို ပြောရမှာ ကို မြန်မာလိုတွေးလိုက်ရင် ဂရမ်မာတွေကလည်း ကမောက်ကမဖြစ်သွားလိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောချင်ရင် အင်္ဂလိပ်လိုပဲတွေးဖို့ ထပ်ပြီး သတိပေးချင်တယ်။
၎။ ဖတ်ရုံသက်သက်၊ နားထောင်ရုံသက်သက် မလုံလောက်ပါ
အင်္ဂလိပ်လိုပြောတတ်ချင်ရင် များများဖတ်၊ များများနားထောင်လို့လည်း ပြောကြပါတယ်။ မလုံလောက်ပါဘူး။ ကိုယ်ကြား လိုက်တာကို ပြန်ပြီးတုံ့ပြန်နိုင်အောင် လက်တွေ့လေ့ကျင့်ဖို့လည်း လိုပါတယ်။ ဒါကြောင့် Reading, Listening အပြင် Speaking ကလည်း အရေးကြီးတယ်ဆိုတာ အမြဲမှတ်ထားစေချင်ပါတယ်။ ကလေးတွေ စာမဖတ်တတ်မီ၊ စာမရေးတတ်မီ ကတည်းက စကားပြော အလျှင်တတ်တယ်ဆိုတာ သတိပြုမိမယ်ထင်ပါတယ်။ ကလေးတွေက အကြားနဲ့အပြောကို လေ့ကျင့်ပြီး အတတ်မြန်ကြတာပါ။ ဒါကြောင့် သင်ယူမှုကို ဒီလို ပြန်ပြောင်းသင့်ပါတယ်။ Listening > Speaking > Reading > Writing ဆိုတဲ့ နားထောင်၊ ပြော၊ ဖတ်၊ ရေးဆိုပြီး အဆင့်ဆင့်ပြန်လေ့လာသင့်ပါတယ်။
ဒီလိုလေ့လာရင် ပထမဆုံးကြုံတွေ့ရမယ့် ပြဿနာက ကျောင်းတွေမှာ အသားကျနေတဲ့စနစ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကျောင်းတွေမှာက အရေး (Writing) ကို ဦးစွာသင်နေကြပါတယ်။ ပြီးတော့မှ နားထောင် (Listening) ခိုင်းပြီး၊ နောက်မှ အပြော (Speaking) လုပ်ခိုင်းကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကားပြော လေ့လာပြီဆိုရင် အရင်ဆုံး နားလည် အောင်လုပ်ပြီး လိုက်ပြောကြည့်နိုင်အောင် ကြိုးစားသင့်ပါတယ်။
ဒုတိယရင်ဆိုင်ကြုံတွေ့နိုင်တဲ့ ပြဿနာလည်းရှိပါသေးတယ်။ လူတွေက အင်္ဂလိပ်စာကို ဖတ်နိုင်တယ်။ ပြောတာကို နားထောင်ပြီးတော့လည်း နားလည်ကြတယ်။ ဒါက အလေ့အကျင့်ရှိရင် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားကို ပြောဖို့ဆိုရင် နောက်တွန့်သွားတတ်ပါတယ်။ အပြောမှာ သိပ်ပြီးတော့ မရတော့ပါဘူး။ ပြောနိုင်အောင်ဆိုရင် လက်တွေ့ အလေ့အကျင့်တွေ အများကြီးလိုပါတယ်။ အင်္ဂလိပ်လိုတစ်ခုခုပြောသံကြားလိုက်ရရင် ကိုယ်က ဘယ်လိုတုံ့ပြန်လိုက်ရမယ်ဆိုတာ များများသိမှ သွက်လက်စွာ ပြန်ပြောနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကက်ဆက်နဲ့ဖြစ်စေ အသံထုတ်နိုင်တဲ့ တစ်ခုခုနဲ့ဖြစ်စေ လေ့ကျင့်နိုင်ရင် အကောင်းဆုံးပါပဲ။ရှက်ရင် တစ်ယောက်တည်း လေ့ကျင့်ကြည့်ပါ။ ကျယ်ကျယ်ပြောနိုင်တာ ဦးနှောက်ကို အခက်အခဲမရှိ အလုပ်ပေးနိုင်တာကြောင့် ထိရောက်တတ်ပါတယ်။ သူတစ်ခွန်းအော်၊ ကိုယ်တစ်ခွန်းပြန်အော်နိုင်တဲ့ အနေအထားမျိုးကို ဖန်တီးကြည့်ပါ။
၅။ မြုပ်နေတာတွေကို ဖော်ထုတ်ပေးပါ
အင်္ဂလိပ်စကားပြောတတ်တာ ဆင်းရဲချမ်းသာ၊ ဂုဏ်ရှိ ဂုဏ်မဲ့တာတွေနဲ့ မဆိုင်ဘူး။ ပုဂံရောက်ရင် အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တဲ့ ကလေးတွေ အများကြီးကြုံတွေ့ရမှာပါ။ အဲဒီကလေးတွေထဲကအချို့ဆိုရင် ကျောင်းတောင်ကောင်းကောင်း တက်ဖူးတာမဟုတ်ဘူး။ သူတို့တတ်ထားတာကလည်း ကျောင်းကသင်ပေးလိုက်လို့ မဟုတ်ဘူး။ နိုင်ငံခြားသားတွေနောက်က တစ်ကောက်ကောက်လိုက်ပြောရင်း တတ်သွားကြတာဖြစ်ပါတယ်။
လူတိုင်း ဘယ်ဘာသာစကားကိုမဆို လေ့လာသင်ယူနိုင်ပါတယ်။ လူတိုင်း ဘာသာစကားတစ်ခုခုတော့ အနည်းဆုံး တတ်ကျွမ်း ကြပါတယ်။ လူက ဉာဏ်လည်းကောင်းတယ်၊ အခြေအနေလည်းပေးတယ်ဆိုရင် ဘာသစကားတစ်ခုမကလည်း ပြောဆိုနိုင်စွမ်း ရှိပါလိမ့်မယ်။
မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် ပတ်ဝန်းကျင်က မြန်မာစကားပဲပြောနေတာကြောင့် မြန်မာလိုပဲနားရေဝပြီး မြန်မာစကားပဲ ပြောနိုင်ကြတယ်။ အင်္ဂလိပ်စာသက်သက်သာ သင်တဲ့ကျောင်းတွေမှာ ဒါကြောင့် မြန်မာလိုပြောရင် ဒဏ်ရိုက်မယ်ဆိုပြီး ကျောင်းထဲကိုရောက်ကတည်းက အင်္ဂလိပ်လိုသင်၊ အင်္ဂလိပ်လိုပဲပြောရတာကြောင့် အင်္ဂလိပ်စကားကို အမြန်ဆုံး ပြောနိုင်ကြပါတယ်။ ပတ်ဝန်းကျင်အနေအထားက ပြောဆိုတဲ့ ဘာသာစကားအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် မြန်မြန်ပြောတတ်ချင်ရင် များများပြောနိုင်တဲ့ဝန်းကျင်မှာ ကျင်လည်သင့်ပါတယ်။
အချို့ကျောင်းသားတွေဟာ နိုင်ငံခြားကိုသွားပြီးတော့ ပညာသင်တာမှန်ပေမယ့် အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ် တာတွေလည်း တွေ့ရပါတယ်။ အဲဒီလူတွေကတော့ အပြင်လည်းသိပ်မထွက်၊ အပေါင်းအသင်းကလည်းနည်း၊ ပေါင်းသင်း တော့လည်း မြန်မာတွေနဲ့ပေါင်း၊ မြန်မာတွေနဲ့ မြန်မာလိုပဲပြောနေကြတာကြောင့် အင်္ဂလိပ်လို မကျွမ်းကျင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်စကားပြောတတ်ချင်ရင် နိုင်ငံခြားရောက်တာတောင် အင်္ဂလိပ်စကားများများပြောတဲ့ ဝန်းကျင်မှာနေ၊ အပြင်များ များထွက်၊ သူတို့လိုလိုက်ပြော၊ သူတို့နဲ့ရောနှောနိုင်မှ အမြန်ဆုံးတတ်ကျွမ်းပါလိမ့်မယ်။ များများကြားရရင် နား လည်လာပါ လိမ့်မယ်။ နောက်တော့ အလိုအလျောက် သုံးတတ်သွားမှာဖြစ်ပါတယ်။
၆။ လေ့လာမှုမှန်ကန်ပါစေ
အင်္ဂလိပ်စကားမှာ "Practics makes perfect" ဆိုတဲ့ စကားရှိပါတယ်။ များများလေ့ကျင့်ရင် တတ်သွားမယ်လို့ ဆိုလိုတာပါ။ အမှန်တော့ အဲဒီစကားအတိုင်း များများလေ့ကျင့်ပေမယ့် ခရီးမရောက်တာတွေ ရှိနိုင်ပါတယ်။ မှားတာကြီးကို မှန်တယ်ထင်ပြီး လေ့ကျင့်နေလို့ အကျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် လေ့လာတာလည်းမှန်၊ လေ့ကျင့်တဲ့စနစ်လည်းမှန်၊ နည်းကောင်းလမ်းမှန်ဖို့လိုပါတယ်။
ဥပမာ အချို့တွေက သတင်းတွေနားထောင်ပြီးလေ့ကျင့်ကြတယ်။ အင်္ဂလိပ်သတင်းတွေမှာ သုံးနှုန်းတဲ့ စကားလုံးတွေဟာ နိုင်ငံရေး သဘောတရားတွေ၊ မြင့်မားတဲ့ အသုံးတွေနဲ့ ပြောတတ်တာကြောင့် နေ့စဉ်လူနေမှုဘဝတွေထဲက အသုံးတွေနဲ့ သိပ်မတူဘူးလို့ ပြောနိုင်ပါတယ်။ သူတို့ သတင်းဖတ်နေတာတွေကို နားလည်ကောင်း နားလည်ပါလိမ့်မယ်။ အင်္ဂလိပ် စကားပြော စတင်လေ့ကျင့်သူတွေအနေနဲ့ကတော့ ပထမဦးဆုံး သတင်းတွေသွားနားထောင်လိုက်ရင် စိတ်ပျက်သွားလိမ့်မယ်။ နောက်ပိုင်းအဆင့်မြှင့်ပြီး လေ့လာချင်မှ နားထောင်လေ့ကျင့်သင့်ပါတယ်။
အင်္ဂလိပ်စကားပြောတဲ့နိုင်ငံက မဟုတ်တဲ့သူငယ်ချင်းနဲ့အတူတူ ပြောဆိုလေ့ကျင့်ရတာလည်း အကောင်းရှိသလို၊ အဆိုးလည်း ရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မွေးကတည်းက အင်္ဂလိပ်လိုမပြောခဲ့ရတဲ့ နိုင်ငံကလူတွေရဲ့ စကားမှာ အမှားလေးတွေ မကင်းနိုင်ပါဘူး။ ဒါတွေကိုလည်း သတိပြုမိဖို့လိုပါတယ်။ အရေးကြီးတာက အင်္ဂလိပ်လို စကားကိုပြောတတ်အောင် လေ့ကျင့်ပါ။ အင်္ဂလိပ်လို ဝါကျ (sentence) ကို ပြောတတ်အောင် မလေ့ကျင့်ကြဖို့ မှာချင်ပါတယ်။
နောက်ဆုံးပြောချင်တာက အင်္ဂလိပ်လိုကောင်းကောင်း ပြောတတ်ချင်ရင် နည်းလမ်းမှန်ပါစေ။ လူရွေးမှန်ပါစေ။ များများတွေး၊ များများပြောနိုင်အောင်ကြိုးစားပေးပါ။ အကောင်းဆုံး လမ်းညွှန်ထားချက်တစ်ခုကတော့ ဘယ်ဘာသာစကားမဆို ကောင်း ကောင်းပြောတတ်ချင်ရင် အဲဒီဘာသာစကားပြောတဲ့နိုင်ငံတွေမှာ သွားပြီးလေ့ကျင့်တာ အကောင်းဆုံးလို့ဆိုပါတယ်။
Ref : TalkEnglish.com
إرسال تعليق